6 15

ယောက်ျားလေးတွေ ချစ်သူကိုလမ်းခွဲချင်ပြီဆိုရင်လုပ်တတ်တဲ့ အပြုအမူ(၅)မျိုး

အချစ်ရေးတစ်ခုဟာ အဆုံးသတ်မှန်းဆရ အရမ်းခက်ခဲပါတယ်။ ဘယ်သူမှ ကွာရှင်းဖို့လက်ထပ်ခဲ့တာ မဟုတ်သလို၊ လမ်းခွဲဖို့ လက်တွဲကြတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆုံးသတ်ရတော့မယ့် အချိန်ရောက်ရင် သိသာတဲ့ လက္ခဏာလေးတွေ ရှိတတ်ပါတယ်။ စွန့်လွှတ်သင့်တဲ့သူကို ဆုပ်ကိုင်မထားပဲ စွန့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါပဲ။ တကယ်လို့ သင့်ချစ်သူဟာ အောက်ပါအချက်တွေလုပ်နေပြီဆိုရင်တော့ မကြာခင် သင့်ကို လမ်းခွဲတော့မှာဖြစ်လို့ အသင့်ပြင်ထားဖို့ လိုပါတယ်။

(၁) စိတ်မရှည်တော့ဘူး

သင့်ချစ်သူဟာ သင့်ကို အသေးအမွှားကအစ စိတ်ရှည်တော့မှာ မဟုတ်ပါဘူး။ အရင်က ချစ်စရာကောင်းတယ်လို့ သူမြင်ခဲ့တဲ့ အပြုအမူလေးတွေ၊ ကလေးဆန်တာလေးတွေကအစ သူ့မျက်စိထဲမှာ စိတ်တိုစရာတွေပဲ ဖြစ်နေတော့မှာပါ။ သင့်အနားမှာ နေရင် စိတ်တိုတာ၊ စိတ်မရှည်တာ၊ အနားသိပ်မကပ်တာတွေ ဖြစ်လာတော့မှာပါ။ ပြီးရင်တော့ တစ်ခုမဟုတ် တစ်ခု အသေးအမွှားကအစ ပြဿနာတွေပဲ တက်လာတော့မှာပါ။ သင်ဘာလုပ်လုပ် သူအကောင်းမမြင်တော့ပါဘူး။ ဒါဆိုရင်တော့ သင့်ကို လမ်းခွဲချင်နေလို့ပါ။

(၂) လိမ်တယ်

လိမ်ညာတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် မလေးစားတာ၊ တန်ဖိုးမထားတာကို ပြတာပါ။ သင့်ချစ်သူဟာ သူဘယ်သွားခဲ့တယ်၊ ဘာလုပ်ခဲ့တယ်၊ ဘယ်သူတွေနဲ့ရှိခဲ့တယ် စတာတွေကို ဖုံးကွယ်ပြီး လိမ်ညာခဲ့ရင်တော့ ဒါဟာ တော်တော်စဉ်းစားစရာ ကောင်းနေပါပြီ။ တစ်ခါတလေ သင့်ကိုစိတ်အနှောက်အယှက် မဖြစ်စေချင်လို့ လိမ်လိုက်တဲ့ အသေးအမွှားကိစ္စလေးတွေက ပြဿနာ သိပ်မရှိပေမယ့် မိန်းကလေးကိစ္စတွေနဲ့ ဆက်သွယ်လို့မရတဲ့ ညတွေအကြောင်းနဲ့ပတ်သက်ပြီး လိမ်ညာဖုံးကွယ်နေရင်တော့ သင့်ကိုလမ်းခွဲတော့မယ့် လက္ခဏာတွေထဲက တစ်ခုပါ။

(၃) ဦးစားမပေးတော့ဘူး

လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့အရာတွေ အများကြီးရှိနေပါတယ်။ အလုပ်၊ ကျောင်း၊ မိသားစု၊ ကျန်းမာရေးကစလို့ အခြားအရေးကြီးတာတွေအများကြီးပါ။ ဒါပေမယ့် သင့်ချစ်သူဟာ အခြားအရာတွေအားလုံးကိုတော့အချိန်ပေးပြီး သင့်ကို ပစ်ပယ်ထားတယ်ဆိုရင် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဥပမာ သူ့သူငယ်ချင်းတွေနဲ့တော့ ပျော်ပါးတယ်၊ သွားချင်တဲ့နေရာသွားတယ်၊ လုပ်ချင်တာလုပ်တယ် ဒါပေမယ့် သင်နဲ့တွေ့ဖို့၊ သင့်အနားမှာ နေပေးဖို့ကျတော့ အချိန်မရှိဘူး၊ မအားဘူးလို့ပဲ ပြောနေတယ်ဆိုရင်တော့ သင်ဟာ သူ့စိတ်ထဲမှာ မရှိတော့လို့ပါ။

(၄) ဥပေက္ခာပြုတယ်

သင့်ချစ်သူဟာ သင်ပြောနေတာတွေ၊ သင်ဖြစ်ချင်တာတွေကို ဥပေက္ခာပြုနေပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ သင်စိတ်ဆိုးနေတာ၊ ဝမ်းနည်းနေတာ၊ ဒေါသထွက်နေတာတွေကိုမြင်လည်း ဘာသိဘာသာ၊ အေးတိအေးစက် နေနေတော့မှာပါ။ သင်ပြောတာတွေကိုလည်း အဖတ်လုပ်မှာ မဟုတ်သလို၊ သင့်ကိုလည်း သိပ်ပြီး ဂရုစိုက်နေမှာမဟုတ်တော့ပါဘူး။ ဒါဆိုရင်တော့ သူ လမ်းခွဲချင်နေပါပြီ။

(၅) တစ်ယောက်တည်းနေချင်တယ်လို့ ပြောလာတယ်

ယောက်ျားလေးတွေက တစ်ခါတလေ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူဟာ သင့်ကို တစ်ယောက်တည်း ဘဝကိုဖြတ်သန်းချင်တယ် ဒါမှမဟုတ် တစ်ယောက်တည်းပဲ နေချင်တယ်လို့ ခဏခဏပြောလာခဲ့ရင် ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အချိန်ကန့်သတ်ထားတာမရှိပဲ တစ်ယောက်တည်း နေချင်တယ်လို့ပြောလာခဲ့ရင်တော့ သင့်ကိုသူ လမ်းခွဲချင်နေပါပြီ။

Em Em(Auntymay)

Facebook Comments